အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်လေမလား
အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူက အသင်ပိုရှည်မယ် ထင်လဲ? စာလေးကို မဖတ်ခင် အရင်ဆုံး လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ စိတ်ထဲမှာ အဖြေတစ်ခုကို ရွေးပြီပြီဆိုရင်တော့ စာကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါ။
အမျိုးသားနဲ့ အမျိုးသမီးမှာ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်။ ဒါက ဟုတ်ပါ့မလားလို့ တွေးနေတယ် ဆိုရင်တော့ တကယ်ပဲ ဟုတ်ပါတယ်လို့ ပြောပါရစေ။ စစ်တမ်းတွေအရ အမျိုးသမီးတွေက အမျိုးသားတွေထက် ၅ နှစ် ကနေ ၇ နှစ်လောက် အသက် ပိုရှည်ကြပါတယ်။
အမျိုးသမီးတွေ အမျိုးသားထက် အသက်ပိုရှည်တာက ဇီဝဗေဒဆိုင်ရာ မတူကွဲပြားမှုတွေကြောင့်ပါ။ သိပ္ပံပညာရှင်တွေကတော့ အမျိုးသမီးတွေမှာ မဟော်မုန်းလို့ ခေါ်တဲ့ အီစထရိုဂျင် ဟော်မုန်းကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအဆီတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
နောက်တစ်ချက်က အမျိုးသမီးတွေက အားနွဲ့သူတွေလို ဆိုပေမယ့်လည်း လူတော်တော်များများ မသိထားတာက အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုယ်ခံအား ပိုကောင်းတယ်ဆိုတာပါ။
အမျိုးသားတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို ပိုင်ဆိုင်ထားတာမျိုး မရှိသလို ဖျားနာမှု နာမကျန်းမှု တစ်စုံတစ်ရာဖြစ်တဲ့ အခါမျိုးမှာလည်း ဆေးကုသမှု ခံယူတာမျိုး လုပ်ဆောင်ဖို့ အတော်လေး ဝန်လေးတတ် ကြပါတယ်။
စိတ်ဖိစီးမှုကို အမျိုးသမီးတွေက ပိုခံစားရနိုင်တယ်ဆိုပေမယ့် စိတ်ဖိစီမှုကို ဖြေရှင်းတဲ့နေရာမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုတော်ကြပါတယ်။ ဒါကြောင့်လည်း စိတ်ဖိစီးမှုကြောင့် ရောဂါတွေ ခံစားရနိုင်ခြေက အမျိုးသမီးတွေက ပိုနည်းနေတတ်ကြတာပါ။
တစ်နေ့တာမှာ အထိုင်များတဲ့ နေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားကြသူတွေက အမျိုးသားတွေ ဖြစ်သလို ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု ပုံစံကို ပိုင်ဆိုင်ထားကြသူတွေကလည်း အမျိုးသားတွေပါပဲ။ ဒါကြောင့်လည်း အမျိုးသားတွေက အမျိုးသမီးတွေထက် အသက် ပိုတိုရတာပါ။
ဒါပမယ့် အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသားတွေထက် အသက် ပိုရှည်စေတယ် ဆိုပေမယ့် ဒီတွေ့ရှိချက် မှန်ကန်ဖို့အတွက် နေ့စဉ် စားသုံးမှုမှာ အာဟာရ မျှတအောင် စားသုံးပေးတာ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးတာ၊ အိပ်ရေး ဝဝအိပ်တာတွေ အပြင် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ အလေ့အထလေးတွေကို မွေးမြူဖို့ လိုပါမယ်။
မွန်မွန်